ပန်း

in #srl-zone6 years ago

{ပန်းပန်လျက်ပဲ}

“ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ မဗေဒါက တစ်ပင်ထဲ(တည်း)”

လွန်ခဲ့တဲ့ အနှစ် ၆၀ နီးပါးက ဆရာဇော်ဂျီရေးခဲ့တဲ့ ‘ ဗေဒါလမ်း ကဗျာများ’ ထဲက တစ်စကို ဆွဲပြလိုက်တာပါ။ လူတိုင်း နားယဉ်ပြီးသားမို့ အထူးပြောစရာမလိုပါဘူး။

အထူးပြောချင်တာကတော့၊ ဆရာဇော်ဂျီ မသိနိုင်ခဲ့တဲ့ သူ့ရဲ့ စိတ်ကူးထဲက ဇာတ်ကောင် ‘မဗေဒါ’ ဟာ အခု ကမ္ဘာ့အလည်မှာ မားမားမတ်မတ်ကြီး ပေါ်ထွက်လာတယ် ဆိုတာပါပဲ။

အဲဒီလို ပေါ်ထွက်လာတာနဲ့အတူ မဗေဒါကို ဝိုင်းပြီး ထိုးဖို့၊ ဆိတ်ဖို့၊ စိစိညက်ညက်ကြေအောင် ဝါးစားဖို့ ဝိုင်းနေတဲ့ ဘဲအုပ်ကလည်း တစ်ရာနှစ်ရာ မက; တစ်ကမ္ဘာလုံးက အသိဥာဏ် ကမောက်ကမ(twisted mind) ဖြစ်နေတဲ့ နိုင်ငံကြီးသားများ၊ ပညာရှိကြီးများ၊ သတင်းမီဒီယာပုဂ္ဂိုလ်များ၊ နိုင်ငံရေးပုဂ္ဂိုလ်ကြီးများ၊ အထင်ကရပုဂ္ဂိုလ်ကြီးများလို့ ယူဆရတဲ့သူတွေ အပါအဝင်ပါပဲ။

ထိုထိုပုဂ္ဂိုလ်တွေဟာ ကိုယ်ကျိုးစွန့်ပြီး လူသန်းပေါင်းများစွာရဲ့ ဘဝကောင်းစားဖို့ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေတဲ့ မဗေဒါကို မညှာမတာ ထိုးဆိတ်နေကြပါတယ်။


ဆရာဇော်ဂျီရဲ့ ‘ ဗေဒါလမ်း’ ကို ထပ်ပြီးကွန့်တာကတော့ ယခုပိုစ့်မှာတင်ပြထားတဲ့ ပန်းချီကားလေးပါပဲ။ ဒီပန်းချီကားကို ရေးဆွဲသူကတော့ မန္တလေးက ပန်းချီဆရာမာလာလို့ သိရပါတယ်။

ဘယ်အချိန် ဘယ်နေရာက ဘယ်လိုရခဲ့တယ်လို့ အတိအကျ မသိရပေမယ့်၊ သူမကို ဂုဏ်ပြုဖို့ ရေးဆွဲခဲ့တယ်လို့ သိရတဲ့ ဒီပန်းချီကားကို ပိုင်ဆိုင်ခဲ့သူကတော့ ဒေါ်အောင်ဆန်းစုကြည်၊ (သို့မဟုတ်) အမေစု၊ (သို့မဟုတ်) အဖွါးစု၊(သို့မဟုတ်) ‘မဗေဒါ’ ကိုယ်တိုင်ပဲ ဖြစ်ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီပန်းချီကားလေးကို ‘ရင်ခွင်မဲ့ကလေးငယ်များ’ ရန်ပုံငွေအတွက် ပေးလှူခဲ့တယ်လို့ သိရပါတယ်။

ဒီပန်းချီကားကို လေလံတင်ရောင်းချရာ၊ ‘Golden Green Energy’ ကုမ္ပဏီက သိန်းပေါင်း ၁၂၅၀ ကျပ်နဲ့ ပေးပြီး ဝယ်တယ်လို့ သိရပါတယ်။


စာရေးသူ နားလည်ဖို့ ခက်သွားတာကတော့ “သူမ မြတ်နိုးတဲ့၊ သူမရဲ့ ဘဝနဲ့ တစ်ထပ်တည်းကျတဲ့ ဒီ ပန်းချီကားလေးကို ဖက်တွယ်ဖို့ အလိုအပ်ဆုံး အချိန်မှာ၊ သူမဟာ ဘာလို့များ စွန့်လွှတ်ခဲ့ပါလိမ့်” ဆိုတာပါပဲ။

သူမ မြတ်နိုးတဲ့ ဒီပန်းချီကားလေးကို စွန့်လွှတ်လိုက်သလို၊ သူမရဲ့ အသက်မကမြတ်နိုးတဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သားတွေကိုပါ စွန့်လွှတ်လိုက်မယ် ဆိုလျင်တော့ မတွေးရဲစရာ အခြေအနေတွေကို ရောက်လာဖို့ရာသာ ရှိပါတော့တယ်။

မြန်မာပြည်သားများအတွက် ရင်လေးစွာဖြင့်၊ စာရေးသူအနေနဲ့ “မဗေဒါကို ပန်းပန်လျက်သာ မြင်ပါရစေ” လို့ ဆုတောင်းမိပါတော့တယ်။

(မှတ်ချက်။ ။သတင်းနဲ့ သံယောဇဉ်ဖြတ်ထားတဲ့ ကျွန်တော့်ကို အခုလို လိုအပ်တဲ့အခါမှာ သတင်းစုစည်းပေးတဲ့ ဆရာမကြယ်စင်မှူးဝေ ကို အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။)
image

@hlay

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57097.85
ETH 3049.62
USDT 1.00
SBD 2.30