အညာဒေသနှင့်ကျွန်မ

in #steemit8 years ago (edited)

ပိတ်ရက် လေးရက်မှာ အညာဒေသဘက်ကို မိသားစုနဲ့အတူ ခရီးသွားဖြစ်ခဲ့သည်။တကယ်တမ်း ခရီးစဉ်က နတ်မောက် ရွာမွန်ကို သွားတာဖြစ်ပေမဲ့ ပင်းမြို့ ဟောင်း၊ကြက်မောက်တောင်ဆည် ၊ပုဂံ နဲ့ ပုပ္ပါး ကိုပါ ရောက်ခဲ့ကြ၏။
အညာဒေသ ဟာ လမ်းသာသည်။ပူပြင်းခြောက်သွေ့သည်။ညဘက်နဲ့
မနက်စောစောတွေမှာ ချမ်းအေးသည်။ကျွန်မကတော့ အညာဒေသ ကို
နှစ်သက်သည်။
image
ကားလမ်းတစ်လျောက် ပေါက်နေတဲ့ မန်ကျည်းပင်၊ထနောင်းပင်၊ထန်းပင်၊တမာပင်၊ကုက္ကိုပင် စတဲ့အပင်တွေကို သဘောကျနှစ်သက်မိ၏။
ရွာမွန်ကို ဗဟိုလ်ထားပြီး ဘုရားလည်ဖူးကြသည်။ပုဂံဘုရားတွေ စုံအောင် မဖူးခဲ့ပေမဲ့ ထင်ရှားတဲ့စေတီပုထိုးများကို ဖူးမြော်ခဲ့သည်။ငယ်ငယ်က သင်ခဲ့ရသော"လှည်းဝင်ရိုးသံတညံညံ ပုဂံ ဘုရားပေါင်း"ဆိုတဲ့ စာနဲ့ လျော်ညီစွာပုဂံဘုရားများကို တစ်နေ့ တည်းစုံလင်အောင် မဖူးမျှော်နိုင်ပေ။ပုဂံရဲ့ ယဉ်ကျေးမူအနုပညာလက်ရာများသည် ကမ္ဘာ လှည့်ခရီးသွားများကို ညို့ငင်ဆွဲဆောင်နိုင်၏။ပုဂံရဲသမိုင်းဝင်ဇတ်လမ်းတွေကိုပြန်တွေးလိုက်ရင် မနေ့တနေ့ကဖြစ်သွားခဲ့သလိုခံစားမိသည်။ပုဂံသည် ကျွန်မနှင့် စိမ်းသက်မနေ။
image
ပုဂံမှအထွက် ပုပ္ပါးသို့ ဝင်ခဲ့သည်။ပုပ္ပါးတောင်ကလပ်ပေါ်တက်ရန် မနည်းအားယူရသည်။တောင်ကလပ်ပေါ်တက်ရာ လမ်းတလျောက်တွင် ရေကုသိုလ် လမ်းကုသိုလ်များအတွက် အလှူငွေနှိုးဆော်ကောက်ခံကြသည်။ပုပ္ပါးသိုရောက်သည်နှင့် ငယ်ငယ်က သင်ခဲ့ရသော "ပုပ္ပါးနတ်တောင်အခေါင်မြင့်ဖျား
စုံတောပြား၌ နံရှားကြိုင်လွင့် ခါတန်ပွင့်သည့့် ရွှေနှင့်ရိုးမှားပန်းစကား" အစချီသော ကဗျာနှင့် ထိုကဗျာကို မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်းပေါ်အောင် သင်တတ်သော မြန်မာစာဆရာမကြီးဒေါ်ယဉ်နွယ်ကို သတိရမိသည်။
ပုပ္ပါး တောင်သည် မယ်ဝဏ္ဏနှင့်သားတော်နှစ်ပါးတို့၏ ဇတ်အိမ်ဖွဲ့စည်းရာတွင် အဓိကကျသော နေရာဌာနဖြစ်သည်။သူတော်စင်သူတော်ကောင်းအပေါင်း
ပျော်မွေ့ရာ ဘူမိနက်သန်ဖြစ်သည်။
image
ပုပ္ပါးတောင်ကလပ်ပေါ်သို့ လှေကားထစ်ပေါင်းများစွာ ဆိုင်ခန်းပေါင်းများစွာကို ကျော်ဖြတ်၍တက်ခဲ့သည်။တောင်ကလပ်ပေါ်ရောက်သည်နှင့် အေးမြလတ်ဆတ်သော လေနုအေးများဆီးကြိုတိုက်ခတ်သည်ကို ခံစားမိသည်နှင့်တပြိုင်နက် မောပန်းသမျှ ပြေပျောက်ရသည်။
တောင်ကလပ်ပေါ်တွင်ပုပ္ပါးမယ်တော်မယ်ဝဏ္ဏနတ်နန်းနှင် အဘအောင်မင်းခေါင်ဓာတ်နန်းတည်ရှိသည်။လူအများပူဇော်ကြသည်။ပသကြသည်။ကျွန်မသည် မေတ္တာပို့၍အမျှပေးဝေခဲ့သည်။မြတ်ဘုရား၏တရားတော်များကို ကိုးကွယ်ယုံကြည့်သည့်အတွက် သုံးဆယ့်တစ်ဘုံသားများရှိသည်ကို လက်ခံသည်။
သူတို့ကို လေးစားသည် သနားမိသည်။ထို့ ကြောင့် ရောက်ရာနေရာတိုင်းတွင်
မေတ္တာပို့အမျှဝေပြုလုပ်ခြင်းကို အလေ့အကျင့်တစ်ခုလို ပြုလုပ်ခဲ့သည်။
ပုပ္ပါး မှအပြန် ကျောက်ပန်းတောင်းကို ဖြတ်ရသည်။အပြန်လမ်းသည် လွမ်းဆွတ်တမ်းတဖွယ်အပြည့် ပုဂံသို နှစ်ခေါက်ရောက်ခဲ့ပြီ သုံးခေါက်မြောက်ပြီဆိုရင်တော့ ကျွန်မ အညာသူတပိုင်းဖြစ်တော့မည်။ ကျွန်မသည် အညာမြေကို ချစ်သည်။ထို့ကြောင့် အညာသို့ ခရီးထွက်မည်ဆိုလျှင် အမြဲအသင့်ဖြစ်နေတတ်သည်။အညာသည် ပူပြင်းသည်။ ခြောက်သွေ့သည်။ လျှို့ဝှက်သည်။ထိုအညာဒေသတွင် ပုဂံခေတ်က သူရဲကောင်းလေးဦးပေါ်ထွန်းခဲ့သည်။အညာသည် ကျွန်မကို အမြဲ ညို့ငင်ခေါ်ယူနေမြဲဖြစ်သည်။
@myatlaymon

Coin Marketplace

STEEM 0.06
TRX 0.32
JST 0.061
BTC 68411.35
ETH 2121.78
USDT 1.00
SBD 0.50