"မိုးခါးရေ"

in #story7 years ago

“ကိုငလုံး၊ ရှင့်ကို ညကတည်းက ပြောစရာလေး ရှိလို့ မအိပ်ဘဲ စောင့်နေတာ။ ရှင် ညက အရည်တွေ သောက်ပြီး မူးလာတော့ အရစ်ရှည် နေမှာ စိုးလို့ မပြောလိုက်ရဘူး”

ပြတင်း တံခါးက နေရောင်ခြည် နွေးနွေး မျက်နှာ တည့်တည့်ပေါ် ထိုးဖြာ ဆင်းလာလို့ အိပ်ရာက ကုန်းရုန်းထပြီး သွားပွတ်တံပေါ် သွားတိုက်ဆေး ညှစ်ချရုံ ရှိသေးတယ်။ မဟေသီ ဇီးကွက်မရဲ့ အောက်ကလိအာ ငှက်ဆိုး ထိုးသံက ကျယ်ကျယ်လောင်လောင် ထွက်လာတယ်။ ကိုယ်ကလည်း ညက အရှိန်လေးနဲ့ ရီဝေဝေ နေတုန်းမို့ မျက်မှောင်ကြုတ် လိုက်တယ်။

“ပြော၊ ဘာပြောမလို့လဲ”

ရေတစ်ခွက် ခပ်ပြီး သွားတိုက်တံကို နှစ် ပါးစပ်ထဲ ပစ်သွင်းလိုက်ရင်း ဇီးကွက်မကို ပြောခိုင်းရတယ်။ မနေ့က ကျောပိုက်လှေ တစ်ရက်နားတုန်း သူတို့ လှေလိုက်သား တွေကို လှေအုံနာ ကိုဖိုးထောင်က ဒကာခံ ပွဲသတ်တာ ဆိုတော့ အလကားရ ဝမ်းကျအောင်သောက် ဆိုသလို အတော်များ သွားတာ။ အိမ်ကိုတောင် ဒယီးဒယိုင် သိုင်းကွက်နင်းပြီး ပြန်ရောက် လာတာလား။ ဒါမှမဟုတ် ဘယ် သောက်ဖော် သောက်ဖက်ကများ တွဲပြီး လာပို့တာလဲ ဆိုတာ ကိုယ်တိုင် မမှတ်မိတော့။

“ရွာထဲမယ် ကြိုးကြားမသား ရှင်ပြု အလှူက လပြည့်ကျော်ရင် ရောက်တော့မယ်။ တစ်ရွာလုံး မြို့တက်ပြီး ရွှေဝယ်၊ အဝတ်ဝယ်နဲ့ မြို့ပေါ်မှာ ကျုပ်တို့ ကမ်းခြေရွာက လူတွေ ခြေချင်း လိမ်နေကြပြီ”

ဪ ... ဘာများလဲလို့၊ ဖွင့်နေကျ ဓာတ်ပြား ဟောင်းကြီးကို ပုံစံ တစ်မျိုးနဲ့ ပြောင်းဖွင့်တာကိုး။ ပါးစပ်ကို ဟရင် အူမထိ သူက မြင်ပြီးသား။ သွားပွတ်တံကို ရေဆေးချပြီး ပါးစပ်ထဲ ရေငုံကာ ဖူးခနဲ မှုတ်ထွေး၊ ဇီးကွက်မကို ဘုပြန်တောရန် အတွက် စကားလုံးတွေကို အပြေးအလွှား စဉ်းစားရတယ်။ သူတို့ လင်မယားက လျှာနဲ့သွားလို အမြဲ တကျက်ကျက်။

“ကျီးကန်း၊ ထုံးသုတ်လည်း ဗျိုင်း ဖြစ်မလာဘူး ဇီးကွက်မ။ ကျီးဟာ ကျီးပဲ။ ငါ့ ဘာများ ပြောမလဲလို့။ နင်တို့ သားအမိတွေမှာ ဆွဲကြိုး၊ လက်ကောက် အကုန် ရှိတာပဲ။ အဝတ် ဝယ်ချင်ရင် ရှိတဲ့ ပိုက်ဆံနဲ့ သွားဝယ်ကြပေါ့။ တကယ်တော့ အလှူဆိုတာ ပြိုင်စရာ မဟုတ်ဘူး။ ကုသိုလ် ယူရမှာ”
“အဖေတို့က ပြောလိုက်ရင် ဘုကန့်လန့်ပဲ။ ပါးစပ် အညောင်းခံပြီး ပြောမနေနဲ့ အမေ။ မီးမီး ကျောင်းသွားတော့မယ်။ မုန့်ဖိုးပေး”

ကျောင်းဝတ်စုံနဲ့ အခန်းထဲက ထွက်လာတဲ့ သမီး အကြီးမက မအေဆီ မုန့်ဖိုး တောင်းရင်း ထွက်ခတ် ခတ်သွားသေးတာမို့ သူ မျက်ထောင့်နီနဲ့ လှမ်းကြည့် လိုက်တယ်။ သူတို့ သားအမိတွေက ဘာအကြောင်းလေး ဖြစ်ဖြစ် တစ်ပါတီ။ ကိုယ်က တစ်ယောက်တည်းနဲ့ အမြဲ ကျားကန် နေရသူ။ အကြီးမကို (၅၀၀) တန် တစ်ရွက် ဘော်လီကြားက ထုတ်ပေးလိုက်ရင်း ဇီးကွက်မက သူ့ဘက်ကို ပြန်လှည့်လာတယ်။

“မနေ့က မောင်မြေကြီး အိမ်ကို နှစ်ခေါက် ရောက်သွားတယ်။ သူဌေးက ကျုပ်တို့ တောင်ယာမြေကို သိန်း (၅၀၀) ပေးမယ်တဲ့။ ကျုပ်တို့နဲ့ ကပ်ရက် စာစုနဲ့ ငနန်းတို့ တောင်ယာမြေ တွေလည်း အကုန် ရောင်းပြီး ကုန်ပြီ။ အားလုံးက တစ်ဆက်တည်း ဆိုတော့ သူဌေးက လိုချင်တာတဲ့”

ခုတစ်လော၊ ကျုပ်တို့ ဒေသမှာ တောင်ယာမြေတွေ၊ လယ်ယာမြေတွေ၊ အိမ်ယာမြေတွေကို အဆမတန် ဈေးတွေ ပေးပြီး လာဝယ် နေကြသူတွေ ခြေချင်း လိမ်နေကြတယ်။ ခြေချင်းလိမ်တယ် ဆိုတာ စကားအဖြစ်သာ ပြောရတာပါ။

တကယ်တော့ မြေဝယ်တဲ့ သူဌေး ဆိုတဲ့ ဘောစိကို ကိုယ်က မျက်ဝါးထင်ထင် မြင်ရတာ မဟုတ်။ ရွာထဲက ခါတော်မီ ပွဲစား ဖြစ်လာတဲ့ ရာအိမ်မှူး မောင်မြေကြီးနဲ့ ဆယ်အိမ်မှူး လှမောင်သန်းတို့ပဲ တရုတ် ဆိုင်ကယ်လေး ဖုတ်ချက် ဖုတ်ချက်နဲ့ ကမ်းခြေရွာမှာ ပတ်နေကြတာ။ သူတို့ ပြောစကားတွေ ကြောင့်သာ ဟိုသူဌေး ဒီသူဌေးနဲ့ ကြားနေရတာ။ တရုတ် သူဌေးလား၊ ကုလား သူဌေးလား၊ မြန်မာ ခရိုနီလား ဆိုတာ မြင်ဖူးကြလို့လဲ။ မြေဝယ်မယ့် သူဌေးနဲ့ မြေရောင်းမယ့်သူ ဘယ်မှာ ထိပ်တိုက် ဆုံဖူးကြလို့လဲ။

“မြေဆိုတာ ရွှေ မဟုတ်ဘူး၊ ကိုငလုံး။ ရွှေဝယ်ပြီး ပြန်ရောင်းရင် ရှုံးတာ မှန်ပေမယ့် ကြိုက်တဲ့အချိန် ပြန်ရောင်းလို့ ရတယ်။ မြေ ဆိုတာက ဝယ်သူ ရှိတုန်း ရောင်းရတာ။ ဝယ်သူ မရှိရင် ရှင့်ပစ္စည်း သိန်းတစ်ရာနဲ့ ရောင်းလည်း မထွက်ဘူး။ ပြီးတော့ သိန်း (၅၀၀) ဆိုတဲ့ ငွေကို ကျုပ်တို့တစ်သက် ကိုင်ဖူးလို့လား။ သူများတွေ လှူတာမြင်ရင် ကိုယ်လည်း လှူချင်တယ်။ ကလေးတွေလည်း သူများတွေ ညွှတ်နေအောင် ဝတ်တာမြင်ရင် ဝတ်ချင်ကြတယ်။ ကျုပ်လည်း ငါးဗျပ် တစ်ချပ်နဲ့ အရပ်တကာ ပတ်နေရတာ ခေါင်းမွေး ပြောင်လာပြီ။ အရင်းအနှီးလေး၊ ဘာလေးရရင် အိမ်ဆိုင်လေး ဖွင့်မလား စိတ်ကူးမိတယ်”

ဇီးကွက်မတော့ တွက်ရေးနဲ့ စက်သူဌေး ဖြစ်နေပြီပေါ့။ ပါးစပ်က ပေါက်ပေါက် ဖောက်သလို တတွက်တွက်နဲ့ တွန့်နေတယ်။ သူ ခေါင်းမညိတ် သလို ခေါင်းမခါမိ၊ ဘယ်လို စိတ်ဝင်စားအောင် ပြောနေပေမယ့် သူ့အနေနဲ့ ကိုယ့်မှာ ရှိတဲ့ တောင်မြေလေးကို မရောင်းလိုတာက ခိုင်မာတဲ့ ဆုံးဖြတ်ချက်။

သူတို့ လင်မယား အိမ်ထောင်ဦးစီး ကတည်းက သူက လှေနောက်လိုက်၊ ဇီးကွက်မက ငါးဖောက်သည် ယူရောင်းနဲ့ ဘ၀ကို တစ်သမတ်တည်း ရိုးသားစွာ ဖြတ်သန်း လာကြတာ။ ချွေးထွက် ပင်ပန်းတာက လွဲပြီး ထမင်းတစ်လုတ် မငတ်ခဲ့ပါဘူး။

အခုဆိုရင် သမီးအကြီးမက (၁၀) တန်း၊ အလတ်မက (၉) တန်း၊ အငယ်ကောင်က(၈) တန်းနဲ့ အရွယ်တွေတောင် ရောက်လာကြပြီလေ။ ကလေးတွေ အတန်းကြီးလို့ ကျောင်းစရိတ်၊ ကျူရှင်စရိတ်တွေ ထောင်းပြီး စုလို့ ဆောင်းလို့ မရတော့ပေမယ့် ချောင်ချောင်လည်လည် လူအောက်မကျ နေနိုင်ပါတယ်။

လက်ဖဝါး၊ ခြေဖဝါးနဲ့ စလာတဲ့ ဘဝမှာ သူကလည်း အလုပ်ကို မနေမနား ကြိုးစား လုပ်ကိုင်တယ်။ ဇီးကွက်မ ကလည်း အရောင်းအဝယ်လေး တတ်တယ် ဆိုတော့ ကလေးတွေ ငယ်တုန်း ခြစ်ခြစ်ကုတ်ကုတ် စုလာကြတာ အခု နေတဲ့ အိမ်ဝိုင်းလေးရယ်၊ သူတို့ သားအမိတွေ ရွှေတစ်ကိုယ်ဆင်စာစီ စုမိကြတယ်။ သားကိုလည်း ရှစ်ပါးပရိက္ခရာ စုံလင်စွာနဲ့ ရှင်ပြုအလှူ ပေးပြီးသွားပြီ ဆိုတော့ ဘဝကို နေပျော်စရာ အဖြစ် တင်းတိမ်ရောင့်ရဲ ကျေနပ် နေခဲ့တာ။

တောင်ယာမြေ (၃) ဧက ပိုင်ဆိုင်တာ ကလည်း သွားလေသူ အဖေ့ ကျေးဇူးတွေပါ။ သားသမီးက အိမ်ဦးခန်းမှာ တင်ကျွေးထားပေမယ့် အလုပ်မရှိ မနေတတ်တဲ့ အဖေက မိုးလင်းတာနဲ့ ဓားမတစ်လက် ခါးကြားထိုး ပလိုင်းလေး လွယ်ပြီး တောတက် တောင်ယာ ခုတ်တယ်။ သူ အားတဲ့ နေ့မျိုးဆို သူပါ လိုက်ပြီး ပေါင်းထွင် ရှင်းလင်းလို့ သားအဖ နှစ်ယောက် ရထားတဲ့ မြေလေး (၃) ဧက။

ဒီမြေလေးကို မရောင်းချင်တာက မိဘရဲ့ အရိပ်အယောင်တွေ၊ အငွေ့အသက်တွေ လွှမ်းမိုးနေတဲ့ မြေမို့ နှမြောတသ မြတ်နိုးစိတ်နဲ့ ဆက်လက် ထိန်းသိမ်းထား လိုတာ။ အရင် တစ်ခေတ်တုန်း ကတော့ ရောင်းလို့လည်း မစွံ။ ရောင်းခဲ့မယ် ဆိုရင်လည်း လွန်ရောကျွံရော ရလှ (၄)၊ (၅) ထောင်ပေါ့။ အခုမှ ခေတ်စနစ်တွေ ပြောင်းပြီး သိန်း (၅၀၀) လာပေးနေတော့ ဇီးကွက်မ မနေနိုင်တော့တာ။

တောင်ယာမြေက အခုဆို တညင်းသီးတွေ သီးလွန်းလို့ ခူးတောင် နိုင်တာ မဟုတ်ဘူး။ နာနာလည်း ရောင်းနေရပြီ။ ထင်း အတွက်လည်း ပူစရာ မလို။ ကတက်ရိုး၊ ကောက်ကောက်ရိုး၊ ဖျံ၊ ဖလံတောင်ဝှေး စတဲ့ ရာသီပေါ် အသီးအနှံတွေလည်း စားရ၊ ရုံးပတီ၊ သခွါး၊ ပဲ၊ ဖရုံ၊ ဗုံလုံ ဆိုတာလေးတွေ ကလည်း လတ်လတ်ဆတ်ဆတ် အလျှံပယ် စားရတာကြောင့် သူတို့ မိသားစု ချောင်လည် လာကြတာ။ တောင်ကို ရောက်တိုင်း အဖေ တဖွဖွ ရေရွတ် ညည်းတွားခဲ့တာ တွေကို ပြန်ကြားယောင် နေမိတယ်။

“ဒီမိုကရေစီ ရပြီးမှ သေချင်တယ်ကွာ” တဲ့။

အခုဆို အဖေ လိုချင်တဲ့ ဒီမိုကရေစီလည်း ရပြီ။ တံတားတွေ ဆောက်၊ လမ်းတွေ ဖောက်နဲ့ ဟိုးရှေးကနဲ့ ယှဉ်ရင် စားဝတ်နေရေး ပြေလည် ကြတာနှင့်အမျှ ကမ်းခြေက မြေတွေ သိန်းတစ်ထောင်၊ သိန်းနှစ်ထောင်၊ အရောင်းအဝယ်တွေ ဖြစ်ကြတယ်။ ကမ်းခြေက မြေတွေ ကုန်သလောက် ရှိတော့ လယ်ယာနဲ့ တောင်ယာတွေကိုပါ ဝယ်လာကြတာ။

စိတ်တွေ ရှုပ်ထွေးပြီး ဇီးကွက်မကို ခွန်းတုံ့ မပြန်ဘဲ အိမ်ပေါ်က ဆင်းလာတော့ ဇီးကွက်မရဲ့ မကျေနပ် သံစဉ်လှိုင်းက ဆူဆူဟိန်းဟိန်း ထွက်လာတယ်။

“အေး ... မရောင်းနဲ့၊ သိပ် အိုက်တင် ခံမနေနဲ့ ကိုငလုံး။ တော်ကြာ အသိမ်းခံ နေရလို၌ တစ်ပြားမှ မရဘဲ အလကား ပေးနေရဦးမယ်၊ သဘောပေါက်”


ညနေ လှေထွက်မှာမို့ အခုမနက် လှေကို သွားပြီး လိုအပ်တာတွေ ပြင်ဆင် ဖြည့်တင်းရန် အတွက် သူ ထွက်လာတာပါ။ လှေကို မရောက်ခင် ရွာလယ်မှာ ရှိတဲ့ ဆုံစည်းရာ လက်ဖက်ရည် ဆိုင်လေးမှာ ဝင်ထိုင်ပြီး ပေါ့ဆိမ့် တစ်ခွက်မှာ၊ ဆေးလိပ်လေး တစ်ဖွာ နှစ်ဖွာ ရှိုက်ပြီး စာစောင်လေး ကောက်လှန် ဖြစ်တယ်။ ဒီဆိုင်က သူတို့ရွာမှာ တစ်ဆိုင်တည်းသော လက်ဖက်ရည်ဆိုင်လေး။ ဂီတသံစဉ်တွေနဲ့ အမြဲ ဆူညံ ပေါက်ကွဲနေတဲ့ ဆိုင် အနေအထားကနေ အခု တစ်နှစ် အတွင်းမှာ ပုံသဏ္ဌာန် တစ်မျိုးနဲ့ ပြောင်းလဲ သွားတာကို သတိပြုမိတယ်။ လူတွေက ဟိုထောင့် ဒီထောင့်မှာ နေရာယူပြီး ဖုန်းကို ကြည့်ပြီး ပွတ်နေကြတယ်။ တစ်မျိုးတော့ ကောင်းတယ်။ နားငြီး သက်သာ သွားတယ်လို့ တွေးနေတုန်း ဆိုင်ရှေ့မှာ ပြောင်ပြောင်လက်လက်နဲ့ အကောင်းစား ကားကြီးတစ်စီး ထိုးဆိုက်လာတယ်။ အရင်တုန်းက ဒီရွာမှာ ဒီလိုကားမျိုး မမြင်ဖူးပါဘူးလို့ တွေးနေတုန်း ကားရှေ့တံခါး ဖွင့်ပြီး စတိုင်ကျကျ ဟန်ပါပါ ဆင်းလာသူ တစ်ယောက်။ ဆွဲကြိုးကြီးကြီး၊ ဟန်းချိန်းကြီးကြီးနဲ့ မည်းနေတဲ့ အသားမှာ ရွှေရောင်က လင်းနေတယ်။

သူ ငေးနေတုန်းမှာပဲ အဲဒီလူက သွားအဖြဲသားနဲ့ ရယ်ကာ သူ့ရှေ့ကို တန်းတန်းမတ်မတ် လျှောက်လာပြီး ခုံမှာ ဝင်ထိုင်လိုက်တော့ သူ့မှာ ပါးစပ် အဟောင်းသား ပွင့်သွားရတယ်။

“ငနန်း၊ ဟ ... ကားတွေ ဘာတွေနဲ့”

လည်ချောင်းထဲက စကားက ရှောရှောရှူရှူ ထွက်လာတာ မဟုတ်။ ဟိုခလုတ်တိုက်၊ ဒီခလုတ်တိုက်ပြီးမှ ထွက်လာတာကြောင့် အထစ်၊ အထစ်။

“ကိုငလုံး ကလည်းဗျာ၊ ကွန်တော့်ကိုတောင် မမှတ်မိတော့ဘူးလား”
“ခုတော့ မှတ်မိပြီပေါ့”
“ကိုငလုံးကို တွေ့ချင်လို့ ကြိုးစားနေတာ။ တစ်ရက်မှ မတိုက်ဆိုင်ဘူး။ ကိုငလုံးက ပင်လယ်မှာ ဆိုတော့ ...”
“ဒါက ငါ့အလုပ်ပဲ လေကွာ၊ ဒါနဲ့ ဆိုစမ်းပါဦး၊ ငါ့ကို တွေ့ချင်တာက၊ ပြီးတော့ မင်း ထီပေါက်တာလား ဆိုတာကိုလည်း ပြောပြဦး”
“အိုကေ ပြောပြမယ် ကိုငလုံး၊ ကိုငလုံးနဲ့ ကပ်ရက် ကျွန်တော့် တောင်ယာ သုံးဧကကို သိန်းငါးရာနဲ့ ရောင်းလိုက်တယ်။ ကျွန်တော်နေတဲ့ အိမ်နဲ့ခြံကို သိန်းတစ်ထောင်နဲ့ ရောင်းလိုက်တယ်။ ခု ကျွန်တော် အဆင်ပြေပြီဗျ။ ဟဲ ... ဟဲ”
“ဪ ...”

အရင်တုန်းက ဒီကောင်လေးနဲ့ သူနဲ့ တောင်ယာ အတူခုတ်ရင်း ရင်းနှီးကျွမ်းဝင် ခဲ့တာ။ ဘေထုပ် ဘောင်းဘီလေး တစ်ထည်နဲ့ အမြဲ ကိုယ်တုံးလုံးလေးမို့ သူကတောင် အင်္ကျီဝတ်ဖို့ သတိပေးဖူး ပါတယ်။ အမေတစ်ခု သားတစ်ခုနဲ့ ချို့တဲ့ပြီး အလုပ် ကြိုးစားသူ တစ်ယောက်ပါ။

“ခု သူဌေးက ကိုငလုံး တောင်ယာကို ဝယ်ချင်လို့တဲ့။ သိန်းငါးရာနဲ့ ...”
“ဟေ ... ငါ မရောင်းသေး ပါဘူးကွာ။ ဒါနဲ့ မင်း အိမ်ပါ ရောင်းပစ် လိုက်တော့ အခု ဘယ်မှာ သွားနေမှာလဲ”
“ဒါလေးများ ကိုငလုံးရာ၊ တောင်ခြေနားက လယ်ကွင်းတွေက ဈေးပေါပါဘိနဲ့။ မြေဝယ် အိမ်ဆောက် စုစုပေါင်း ကုန်မှ သိန်းနှစ်ရာပေါ့။ ကျန်တဲ့ ပိုက်ဆံနဲ့ ကြိုက်သလို ရင်းနှီး စားသောက်လို့ ရသေးတယ်။ ခု လောလောဆယ်တော့ ဒီကားကြီးကို သိန်းရှစ်ရာနဲ့ ဝယ်စီး နေတာဗျို့။ တစ်သက်လုံး ပင်ပန်း လာခဲ့တဲ့ အလုပ်ကြမ်းကို အခု နားတယ်။ ဒီတစ်သက် ပခုံးနဲ့ လက် အသားမာ တက်အောင် လုပ်ပြီး ငစိန်ဆန်ကြမ်း စားလာရတာ။ ခုက ကံမတာဗျို့။ နေစမ်းပါဦး။ ကိုငလုံး ဒီလောက် ငွေအများကြီး ရမှာကို ဘာလို့ မရောင်းချင်တာလဲ”
“ငနန်းရာ၊ တကယ်တော့ သိန်းငါးရာ ဆိုတဲ့ငွေကို ငါ မလိုချင်ဘဲ နေမလားကွ။ ဒါပေမဲ့ မင်း စဉ်းစားကြည့်လေ။ ကိုယ့်မြေကို ဝယ်တာ တရုတ် သူဌေးမှန်း မသိ၊ ကုလား သူဌေးမှန်း မသိ၊ မြန်မာ ခရိုနီမှန်း မသိ။ အမျိုးဘာသာကို စောင့်ရှောက်ချင် သေးတယ်ကွ”

သူ့စကားက အနည်းငယ်တော့ မတန်မရာ ပြောမိပြီလား မသိတော့။ ငနန်းက ခွန်းတုံ့ မပြန်သေးဘဲ ခပ်ပြုံးပြုံးနဲ့ ခါးကြားက ဖုန်းကို ထုတ်ပြီး ပွတ်နေတယ်။

“ဒီမှာ ကိုငလုံး၊ နားထောင် ကြည့်နော်။ ကျွန်တော် ပြောတာတော့ မဟုတ်ဘူး။ လူကြီးတစ်ယောက် ပြောထားတာ။ ကျွန်တော် ဖတ်ပြမယ်”

“တရုတ်တွေက မြေကြီးတွေ လိုက်ဝယ်နေတာ ဘာဆန်းလို့လဲ။ ရောင်းသူ ရှိလို့ ဝယ်တာလေ။ ဟိုမှာ ရောင်းသူနဲ့ ဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေ နေကြတာကို ခင်ဗျားတို့က ကြားကနေ အကုသိုလ် ဝင်မယူကြစမ်း ပါနဲ့။ ဘယ့်နှယ်ဗျာ၊ မုဒိတာ ပွါးကြစမ်းပါဗျာ။ ကိုယ်ကလည်း ဈေးကောင်း မပေးနိုင်ဘဲနဲ့ ဈေးကောင်း ပေးမယ့်သူကို နှင်ထုတ်သလို ဖြစ်နေတယ်။ ခင်ဗျားတို့က ဒီမိုကရေစီကို လိုချင်တယ် ဆို၊ ဒီမိုကရေစီ လိုချင်သပဆို နှစ်ဦးနှစ်ဖက် သဘောကျလို့ ရောင်းတာ၊ ဝယ်တာကို ဝင်တားပိုင်ခွင့် မရှိဘူးနော်။ အခုဟာက အပြောနဲ့ အလုပ် မညီ ဖြစ်နေလို့ ကျုပ်က ကြည့်မကောင်းလို့ ဝင်ပြောနေရတာ” တဲ့။

“ဟူး ...”

ငနန်း ဖုန်းကို ပိတ်ပြီး စက်နှိုး ထွက်သွားတဲ့ အထိ သူ ဘာပြန်ပြောရမည် မသိတော့။ သက်ပြင်းမောကြီးကိုသာ ညှင်းခနဲ ဆွဲချပြီး လက်ဖက်ရည်ဖိုး ရှင်းကာ ဆိုင်က ထွက်မယ်အလုပ် အိမ်တကာ ရေခပ် တောက်တိုမည်ရ အလုပ်တွေ ဝိုင်းလုပ်ပေးနေတဲ့ မိပိန်နဲ့ ဆိုင်ပေါက်ဝမှာ ဆုံတယ်။ သူက ဆိုင်ကို အဝင်၊ ကိုယ်က ဆိုင်ထဲက အထွက်၊ အလို ... မိပိန်တစ်ယောက် ဆွဲကြိုး၊ လက်ကောက်တွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလို့ ပါလား။ သူ့ကို မြင်တော့ ပြုံးပြတယ်။

“ခြံရောင်းလိုက်ပြီ ကိုငလုံး၊ သိန်းခုနစ်ရာနဲ့”
“ဟေ”
“မဟေနဲ့၊ တစ်ခါတည်း ကြိုနှုတ်ဆက် ထားတာ။ ပန်းချင်းပေါက်မှာ လယ်တစ်ကွက် ဝယ်ထားတယ်။ အဲဒီမှာ အိမ်ဆောက်ပြီး နေတော့မယ်”
“ဪ ...”

သူ အံ့ဩနေဆဲ၊ သူမက ရင်လေးကော့ လက်လေး လွဲလိုက်တော့ လက်ကောက်သံတွေက ချွင်ခနဲ။ ရွာလယ် လမ်းမကြီးကို ဖြတ်ပြီး လှေကို လျှောက်လာရင်း အတွေးတွေက ခေါင်းနည်းနည်း ကိုက်နေပြီ။ မျက်စိထဲမှာ ငနန်း၊ မိပိန်တို့ရဲ့ မျက်နှာတွေက တန်းစီပြီး ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတယ်။

ပင်လယ်ကို ရောက်တော့ လှေမှာ လူတစ်ယောက်မှလည်း မတွေ့။ ထူးတော့ ထူးနေပြီ။ ဘာတွေ ထူးနေတာလဲ။ ခါတိုင်းဆို ဒီအချိန် လှေလိုက်သား တွေရော လှေအုံနာပါ ညနေအတွက် ရိက္ခာဖြည့်တင်း၊ လှေကို စစ်ဆေးပြင်ဆင် အားလုံး စုဝေးလုပ်ကိုင် နေကျလေ။ အခုက ဘယ်သူမှ မလာသေးတာလား။ မွန်းလည်း တည့်နေပါပြီ။ တစ်ယောက်မှ မရှိတဲ့ လှေမှာ သူ တစ်ယောက်တည်း ယောင်ချာချာနဲ့ ဘာဆက်လုပ်ရမည် မသိတော့။ လှေဦး ဖျဉ်မှာ တင်ပလွှဲ ဝင်ထိုင်ပြီး ဖက်ကြမ်း ဖွာနေမိတယ်။ ဟော ... လာပါပြီ တစ်ယောက်တော့။

“ဝေး ... ကိုငလုံး၊ မသိသေးဘူးလား၊ ညနေ လှေ မထွက်ဘူး။ ညနေမှ မဟုတ်ဘူး ကိုငလုံး၊ နောက်နေ့တွေလည်း ထွက်မှာ မဟုတ်တော့ဘူး။ ကိုဖိုးထောင် လှေကို ရောင်းလိုက်ပြီလို့ ကြားတယ်”
“ဟေ ... ဘာလို့လဲကွ”
“သူ နေတဲ့ အုန်းခြံကို သိန်းတစ်သောင်းနဲ့ ရောင်းလိုက်ပြီလေ။ ဒီ မနက်ပဲ ငွေချေ နေကြပြီ။ ဒါကြောင့် ကိုဖိုးထောင်က မြို့တက်ပြီး လုပ်ငန်း ပြောင်းတော့မယ်တဲ့ဗျို့။ အကုသိုလ် အလုပ်တွေ မလုပ်ချင်တော့ ဘူးတဲ့။ လှေကိုလည်း ဟိုဘက်ရွာကို ရောင်းလိုက်ပြီတဲ့ဗျာ။ ဒါကြောင့် ကျွန်တော်တို့လည်း အလုပ်လက်မဲ့ ဖြစ်ပြီပေါ့ဗျာ”

ဒီတစ်ကြိမ်တော့ သူ အံ့ဩဖို့ မေ့လောက်တဲ့အထိ ထုံအ သွားပြီလားတော့ မသိ။ ဘာစကားမှ ခွန်းတုံ့ ပြန်ချင်စိတ် မရှိတော့။ ပင်လယ်ကို ဖြတ်လာတဲ့ လေကလည်း သူ့ရင်ကို အေးမြနိုင်စွမ်း မရှိတော့ပါ။

သူ အိမ်ကိုပြန်ရောက်တော့ ဇီးကွက်မက အလုပ်အကိုင် ပြီးလို့ ကုလားထိုင်မှာ ထိုင်ပြီး ဖုန်းပွတ် နေတယ်။ အိမ်မှာ သူ တစ်ယောက်တည်းက လွဲပြီး အားလုံးမှာ ဖုန်းတစ်လုံးစီနဲ့ ဖေ့စ်ဘုတ် ဆိုလား ဘာလား ကြည့်ကြတယ်။ ကိုယ်တစ်ယောက်ပဲ ပင်လယ်နဲ့ အိမ်၊ အိမ်နဲ့ ပင်လယ်။ ပင်လယ်နဲ့ တောင်ယာ အချိန် ကုန်တာက လွဲပြီး သူတို့လို ခေတ်မမီတာတော့ အမှန်။

ဇီးကွက်မက အိမ်ထောင် သက်တမ်း တစ်လျှောက်မှာ ဇနီးဝတ္တရား ကျေပွန်တဲ့ အပြင် ဈေးရောင်းပြီး ဝင်ငွေ ကူရှာခဲ့သူပါ။ သူလည်း ပင်ပန်းရှာ ပါတယ်။ ဒါပေမဲ့ ခုနှစ် တွေမှာ ဖုန်းပွတ် နေချိန်ဆို လင်ဝတ္တရား မကျေတော့။ သူကလည်း သိပ်ပြီး ပူပူဆာဆာ လုပ်ချင်သူ မဟုတ်တော့ နားလည်ပေးတဲ့ အနေနဲ့ ကိုယ့်ဘာသာပဲ ခူးခပ် စားလိုက်ပါတယ်။

ထမင်းစားနေတုန်း သားတွေ၊ သမီးတွေလည်း နေ့လယ် ကျောင်းလွှတ်လို့ ထမင်းစား ပြန်လာကြတာမို့ ထမင်းဝိုင်းလေးက ဆူဆူညံညံနဲ့ စည်ကား သွားတယ်။ သားတွေ၊ သမီးတွေ လူစုံတော့ ဇီးကွက်မလည်း ဖုန်းပိတ်ပြီး မီးဖိုချောင်ကို ဝင်လာကာ ကူညီ လုပ်ပေးတယ်။

“ဖေကြီး၊ သားသူငယ်ချင်း အောင်သူတို့မှာ ကားဝယ် ထားပြီဗျ။ ခြံရောင်း လိုက်တယ် ဆိုပြီး ကျောင်းကို ကားကြီးနဲ့ လာကြွားတာဗျ။ သားကလည်း ဘယ်ခေမလဲ။ ငါ့အဖေ တောင်ယာမြေ ရောင်းပြီးရင် မင်း ကားထက် ကောင်းတဲ့ကား ဝယ်စီးမယ်လို့ ပြန်ကြွားလိုက်တယ်ဗျ”
“ဟား ... ဟား၊ အေး ... ကောင်းတယ် မောင်လေး၊ အကျော မခံနဲ့ ပြန်ကြွား၊ သိလား။ ငါတို့မှာလည်း ရောင်းပြီးရင် ဝယ်လို့ရတာပဲနော် ဖေကြီး”

ထမင်းဝိုင်းလေးက ရယ်သံ တသောသောနှင့် ပွဲစည် နေသလောက် သူ့ရင်ထဲမှာတော့ တစ်ဆို့ပြီး ငိုချင် နေတာရယ်။ တကယ်တော့ သူ့ဘဝ တစ်လျှောက်လုံး ပင်လယ်နဲ့ တောင်ယာက လွဲပြီး ကျန်တဲ့အလုပ် လုပ်တတ်တာ မဟုတ်။ ဒီနေ့ မထင်မှတ်ဘဲ ပင်လယ်အလုပ် ပြုတ်လာလို့ ခေါင်းမီးတောက် နေတာ။ အခု တောင်ယာကိုပါ ရောင်းချင်နေကြပြီ ဆိုတော့။

“ကိုငလုံး၊ မနက်ဖြန် မောင်မြေကြီး စရန် လာကပ်မယ်တဲ့။ ကျုပ် တောင်ယာမြေ ရောင်းဖို့ လက်ခံလိုက်ပြီ”

ဇီးကွက်မ တစ်စခန်း ထလာပြီ။ ကိုငလုံး ပါးစပ်ထဲ သွင်းအံ့ဆဲဆဲ ထမင်းလုတ်ကို ရပ်ပြီး ဘယ်လက်ဖြင့် ထမင်းစားပွဲကို ပုတ်လိုက်တယ်။

“တိတ်ကြစမ်း၊ အေး အားလုံး ပျော်နေကြ။ ကဲ ... ရောင်းချင်လည်း ရောင်း၊ မရောင်းချင်လည်း နေတော့။ ဒါပေမဲ့ မင်းတို့ သိအောင် အဖေ ပြောပြမယ်။ အုံနာဖိုးထောင် လှေရောင်းလိုက်လို့ အဖေ အလုပ် ပြုတ်လာတယ်ကွ။ စိတ်ညစ်နေတယ်။ အိမ်ထောင်ဦးစီး ဝင်ငွေ မရှိရင် ရှိတာ ထိုင်စား မကြာခင် ကုန်မှာပဲ”

ဒေါသရောင်ရောင် ပါသော လေသံဖြင့် နိဒါန်း ချီလာသမျှ နိဂုံးချုပ်မှာ ဝမ်းနည်းသံ စွက်လို့ တုန်ခါ သွားတယ်။

ခု အိမ်မှာ အားလုံး ပျော်နေကြပြီး ဘာအလုပ်ကို ပြောင်းလုပ် ရမလဲ တွေးပူနေတာက သူ တစ်ယောက်တည်းပါ။ အိမ်ထောင်ဦးစီး တစ်ယောက် အနေဖြင့် တစ်အိမ်လုံးရဲ့ စားဝတ်နေရေး၊ စီးပွါးရေး၊ ကျန်းမာရေးက အစ သူ့ခေါင်းမှာ မဟုတ်လား။ မိသားစု ဆိုတာ အေးအတူ၊ ပူအမျှလို့ သူက လက်ခံထားတာ။ အခုတော့ တွေးရင်း ထမင်း ဆက်မစား ချင်တော့။

“အိုတော်၊ ထမင်းတော့ ဖြောင့်အောင် စားစမ်းပါတော်။ လှေနောက် မလိုက်ရလည်း မပူနဲ့။ ဖေ့စ်ဘုတ်မှာ တွေ့ထားတယ်။ ဝန်ကြီး တစ်ယောက်က ပြောတာတဲ့။ ဆိုက်ကား နင်းပြီး ချမ်းသာအောင် လုပ်နိုင်တယ်တဲ့တော်။ တော့်ကို ကျုပ် ဆိုက်ကား တစ်စီး ဝယ်ပေးမယ်။ ရှင် ဆိုက်ကား နင်းတော့”
“ဝိုး ... ဟား ဟား ဟား”

မိန်းမစကား ဆုံးတော့ သားသမီးတွေက တဟားဟား အော်ရယ်ကြတယ်။ ထမင်းစားဝိုင်းလေး ကတော့ ရယ်သံမောသံ တွေဖြင့် ဝေဝေစည် နေဆဲ။ သူတောင် သောကတွေ မေ့ပြီး ဆိုက်ကားလေး တစ်စီးကို မြင်ယောင်ကာ ရောနှော ပြုံးမိတယ

Sort:  

Good story

အရမ်းကောင်းတယ် ဆက်ရေးပါအုံး အားပေးနေမယ်

You got a 16.32% upvote from @sureshot courtesy of @min2thant!

Resteem bot Service! Promote Your New Post.Find New Freinds - Followers - Upvotes. Send 0.400 SBD and your post url in memo and we will resteem your post to 9000+ followers from two different account.@stoneboy and @vimal-gautam.