ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၂ ) ( Henry Aung )

in #myanmar7 years ago (edited)

henry Aung.jpg

မင်္ဂလာပါခင်ဗျား။ ကျွန်တော် ၏ မပြီးသေးသော မန္တလေး ခရီးစဉ်ကို ဆက်ပါအုံးမည်။ ဆိုခဲ့သည့် အတိုင်း အဝေးပြေးကားကြီးမှာ ညအမှာင် ထဲသို့ တိုးဝင်၍ အဝေးပြေး လမ်းမပေါ်တွင် မြင်းရိုင်း တကောင်ကဲ့သို့ ပြေးလွှားလျက်ရှိ၏။ မိမိမှာ ချမ်းအေးလွန်းသော air con အောက်တွင် စောင်ခြုံ၍ ကွေးနေတော့၏။

အိမ်မက်ထဲတွင်ကာ Steem ဈေး $100 ကျော် ဖြစ်နေ၍ မိမိနှင့် အတူ MSC အဖွဲ့သားများ အောင်ပွဲခံနေကြ၏။ အောင်ပွဲခံ၍ မှ မဆုံးခင် " အပေါ့အပါး သွားနိုင်ပါပြီရှင်" ဟူသော အသံဖြင့် လန့်နိုးလာ၏။ နာရီကြည့်သော် ၄ နာရီခွဲ ချေပြီ။ မိတ္ထီလာ သို့ ရောက်ပြီ ဖြစ်ကြောင်းလည်း သိရ၏။ မိမိလည်း အပေါ့အပါးသွားရန် ထရ၏။

မသွားလို့ကလည်း မဖြစ်။ နံနက် ၅ နာရီထိုးလျင် နိုးစက်ထက်ပင် ပို၍တိကျ သော ကျွနုပ် ဗိုက်မှာ အချက်ပေးတော့မည်ကို သိ၏။ ဤသို့ နံနက် စောစော အစာဟောင်း စွန့်ခြင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော်လည်း ခရီသွားလျင်ကာ လွန်စွာမှ ကသိကအောက် ဖြစ်ရ၏။

မှတ်မှိသေးသည်။ လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က ဗန်မော် တွင်ရှိသော မိမိ အဖွား နေမကောင်း ဖြစ်နေ၍ မိမိအား တွေ့ချင် ကြောင်း အကြောင်းကြားလာသောအခါ ခရီးသွားရန် အကြောင်းဖန်လာခဲ့၏။မိမိအစ်မ အကြီးဆုံး ဖြစ်သူနှင့် ခရီးသွားရ၏။ အစ်မ ဖြစ်သူမှာ ခရီးသွားသည်နှင့် အစားမစာတော့သလို ရေသောက်လည်း အလွန် နည်းသွားသဖြင့် ကိစ္စမရှိ။

မိမိမှာသာ ကိစ္စများရတော့၏။ ရန်ကုန်မှ မန္တလေး သို့ အမြန်ရထား အထူးတန်းမှ စီး၍ ကိစ္စမရှိ သော်လည်း ( ကြမ်းပိုးကိုက်သည်မှလွဲ၍ ) မန္တလေးမှ ဗန်မော်သို့ ကားစီးသောအခါ တွေ့လေပြီ။ ဘုရာစူး အဝေးပြေးကားဖြစ်၏။ ကားခေါင်မိုးပေါ်တွင် ကုန်များ အပြည့် တင်ထား၏။

မိမိထိုင်ခုံ အောက်တွင်လည်း ကုန်ပစ္စည်းများကာ အပြည့်။ ခြေချစရာပင်မရှိ။ ဒူးထောင်၍ ထိုင်ရ၏။ ခုံတန်းများ၏ အလယ် လူလျှောက်သော လမ်းများတွင်လည်း ကုန်များကာ အပြည့် ။ အပြင်ထွက်လျင် ထိုပစ္စည်းများအား နင်းကျော်ခွ၍ ထွက်ရ၏။ ကားနောက်ဘက်တွင်လည်း ကြက်ခြင်းများတင်ထားသေး၏။ ကားမှာ aircon ကားမဟုတ် ပြတင်းပေါက် ဖွင့်စီးရသောကားဖြစ်၍ လမ်ခရီးတခုလုံး ဖုန်ရှူ၍ စီးလာရ၏။ ဗန်မော်သို့ မရောက်မှီ ငရဲသို့ အရင်ရောက်သကဲ့သို့သာ။

01.jpg

လှတပတ ဝတ်စားလာသော မဒီပျိုလေးများလည်း နောက်တနေ့တွင် ခေါင်းနှင့် မျက်ခုံးမွေး တို့တွင် ဖုန်များဖြင့် ဖြူဖွေးနေ၍ မျောက်ဖင်နီ ဘဝသို့ ရောက်ကြရ၏။ ဆိုခဲ့သည့် အတိုင်း ထို ဗန်မော် အဝေးပြေးကား စီးလာ၍ နံနက် ၅ နာရီထိုးသောအခါ ကျွန်တော့တွင် ကိစ္စများချေပြီ။ သဘာဝအား လွန်ဆန်၍ မရ။

မန္တလေး တွင် စားခဲ့သော ရေစိမ် ခေါက်ဆွဲ နှစ်ပွဲးကာ နောက်တနေ့တွင် ဒုက္ခပေးချေပြီ။ ကြိုးစား၍ အောင့်ထားသည်။ မရ ။ မရ၍ စိတ်တိုလာ၏။ အာရုံ ပြောင်းရန် အချောအလှ မည်သူရှိသနည်း ရှာကြည့်သော်လည်း ချမ်းအေး လှသော ဆောင်းတွင်းကြီးတွင် အားလုံး စောင် ခေါင်းမီးခြုံ၍ အိပ်နေကြ၏။

မိမိတယောက်တည်း ဤမျှချမ်းသော ဆောင်းတွင် နံနက်ခင်းတွင် ချွေးစေးများ ပြန်နေ၏။ နောက်ဆုံး မည်သို့မျှ မခံနိုင်တော့သဖြင့် လူများ ပစ္စည်းများ ကျော်ခွ၍ ကားရှေ့ခန်းသို့ သွား၍ ကားစပယ်ယာအား မိမိပြသနာ ကို ရှင်းပြရလေတော့၏။ ထိုသကောင့်သား ကားစပယ်ယာ ရှင်းပြလိုက်မှ ကားပေါ်မှ ခုန်ချ ချင်စိတ် ပေါက်သွားတော့၏။

" အစ်ကို အခုကျွန်တော်တို့ တောင်တက် နေတာ ရပ်လိုက်လို့ မရဘူး ၊ ရပ်လိုက်ရင် နောက်ကို ပြန်လိမ့် ဆင်းသွားလိမ့်မယ်" ဟူလို။ မိမိလည်း အောင့်ထား၍ မရတော့ကြောင်း ကတုန်ကယင် နှင့် ရှင်းပြရ၏။ ထို့နောက်မှ စပယ်ယာကလည်း ၅ မိနစ်ခန့်သာ ကြိုးစား အောင့်ထားရန် နှင့် အရှေ့ တပြ တွင် တံတား တစင်း ရှိကြောင်း ၊ ထိုတံတား ရောက်လျင် ခရီးသည်တို့ အားလုံး လမ်းဆင်းလျှောက်ကြရမည် ဖြစ်ကြောင် ပြောပြ၏။

ကျွန်တော့အား အာရုံပြောင်း စေရန် ကွမ်းကျွေး၏။ ကွမ်းစားသည်က ကွမ်းစားသည်သာ ဖြစ်၏။ ဗိုက်နာ၍ အိမ်သာတက်ချင်နေသော ဆန္ဒအား ပျောက်သွား အောင် မစွမ်းသာပါ။ အနှီး စပယ်ယာပြော သော တပြ မှာ မည်မျှ ရှည် သော တပြ ဖြစ်မှန် မသိ။

02.jpg

နာက်ဆုံးတွင် ထို စပယ်ယာပြောသော တံတား သို့ ရောက်လေပြီ။ ပျော်ရွှင်ခြင်းကာ ပြောမပြတတ်။ မိမိချစ်သူထံမှ ချစ်ပါတယ်ဟူ သော အဖြေ ရလျင်ပင် ထို အပျော်ကို မမှီတန်ရာ။ တံတာဘေးတွင် ရှိသော ဂိတ်တဲလေးထံသို့ သွား၍ အိမ်သာ ရှိရာသို့ လမ်းညွန် ခိုင်းရ၏။ စစ်သား ၄ ဦးခန့် ထိုင်၍ မီးလှုံနေသော ဂိတ်တဲဖြစ်၏။

စစ်သား တစ်ဦးမှ တောအုပ်ဘက်သို့ လက်ညိုးထိုးပြသဖြင့် တောအုပ်ရှိရာသို့ ဓါတ်မီးကိုင်၍ ထွက်လာခဲ့၏။ အိမ်သာကာ ရှာမတွေ့။ ဟိုဟို သည်သည် မီးထိုး၍ ရှာသော်လည်း မတွေ့ ။ ထမင်းစားခါနီး ဟင်းခွက် မှောက်ကျသကဲ့သို့ ခံစားရ၏။ ဂိတ်တဲလေး သို့ တခေါက်ပြန် ပြေး၍ အိမ်သာမတွေ့ကြောင်း ပြောရလေတော့၏။

စစ်သားများကလည်း ရယ်မော၍ " အဲမှာ ရှိတဲ့ ခြုံတွေက အိမ်သာတွေပဲလေ " ဟူလို။ မတတ်နိုင် ။ မိမိလည်း မြွေပါးကင်းပါ ကြောက်သဖြင့် ချောင်းဘေးရှိ အတန်ငယ်ဝေးသော သောင်ပြင်လေးသို့ ထွက်လာခဲ့၏။ သောင်ပြင်သို့ သွားသောလမ်းတွင် ခြေလှမ်းတို့မှာ မူမမှန်ချင်တော့။

ဖင်လေး လိမ်ကျစ်လိမ်ကျစ်ဖြင့် ကီမိုနို ကျပ်ကျပ် ဝတ်ထားသော ဂျပန်မကဲ့သို့ သွားရလေ၏။ သောင်ပြင် ပြန့်ပြန့်ကာ ရောက်လေပြီ။ သဲကျင်းတူး၍ ကိစ္စရှင်းရ၏။ အစာဟောင်း တို့ကာ မြည်သံစွဲ အလင်္ကာ မျိုးစုံ ရွတ်၍ ပြေးထွက်လာကြ၏။ ထို အချိန်တွင်း ချောင်းရိုးလေးမှ လေညှင်းလေး တိုက်ခတ်လာရာ ပြန်နေသော ချွေးစေး တို့ဖြင့် ထိတွေ့၍ အေးမြ စိတ်ချမ်း သာ သော ရသကို ခံစားရ၏။

ထို စည်းစိမ်ကာ အလွန်ကြီးမား၏။ သကြားမင်း စည်းစိမ်ဖြင့် မလည်း နိုင်ရာ။ ကိစ္စရှင်းပြီးသော် အရှေ့ဘက်မှ ရောင်နီ ပျိုလာပြီ ဖြစ်၍ ငှက်ကလေးများ၏ စိုးစီ စိုးစီ အသံကို ကြားရ၏။ ထိုခဏ၌ ကမ္ဘာလောကကြီးမှာ အရာရာ ငြိမ်ချမ်း လှပနေတော့၏။

03.jpg

ဤသည်မှာ ကြုံ၍ ကျွန်တော် ဗန်မော် သွားခဲ့သော ခရီးသွား အတွေ့အကြုံ ကို ကြုံကြိုက်၍ ဖေါ်ပြရခြင်း ဖြစ်၏။ယခုတော့ မန္တလေး - ဗန်မော် အဝေးပြေးကားများလည်း အတော်အတန်းကောင်းမွန်လာကြောင်း လမ်းခရီးလည်း ကောင်းမွန်ကြောင်း ကြားသိရ၏။ ကောင်းလေစွ။

ဤ မန္တလေး ခရီးစဉ်တွင် လည်း ထိုကဲ့သို့ မဖြစ်ရအောင် မိတ္ထီလာတွင် အပြတ်ရှင်းခဲ့တော့ ၏။ ကားပြန်ထွက် သော် အေးမြလွန်းသော aircon ကြောင့် ထပ်မံအိပ်မရတော့။ မှောင်မိုက်သော အပြင်ဘက်ရှိ ရေးတေးတေး မြင်ရသော ရှုခင်း ကို ငေးနေတော့၏။

မကြာခင် တံတားဦးသို့ ရောက်လေပြီ။ မိမိကာ မကြာခင် မန္တလေး ရွှေမြို့ တော်သို့ ခြေချရတော့ မည်ဖြစ်၍ မိမိ၏ tour guide ဖြစ်သော @thatkozaw သက်ကိုဇော်အား ဖုန်းဆက်ခေါ်ရတော့၏။ ဖုန်းမှ ပြန်ကြားလာသည်ကာ " သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင် " ဟူလို။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ရယ်​လိုက်​ရတာအူ​တွေနာ​နေပါပြီ။အောင်​မ​ငေးနာ့အစ်​ကို​ရေးတတ်​လိုက်​တာများ​နော်​😜😜😜😜။ကွက်​ကွက်​ကွင်းကွင်းကို​ပဲ​နော်

သဘာဝဟာ သဘာဝပါ..... အဲဒီအချိန် ရောက်လာရင် စာအုပ်လေးတအုပ်ကိုင် ပြီး အိမ်သာထဲ ဝင်ရတဲ့ အရသာ ဘယ်သူသိတာမှတ်လို့... ဟီး...

ဟုတ်​ပါ့😜😜😜

ခရီးသွားစဉ်ဗိုက်အောင့်တဲ့ဒုက္ခက ကြုံဖူးသူမှသိမယ်ဗျာ။ ကိုယ်ချင်းစာပါတယ်။

ဒီကိစ္စမျိုးကို ဆရာကြုံဖူးပ။ ရန်ကုန် ကမ္ဘာအေဒဘုရားလမ်းပေါ်မှာ၊ လူတွေကလည်း ဥဒဟိုသွားနေတယ်။ လိုင်းကားတွေကလည်းသွားနေတေယ်၊ အရေးကြီးတာက ဝမ်းဗိုက်ကမခံနိုင်အောင်နာ၊ လမ်းတောင်လျှောက်မရ။ လမ်းဘေးရေမြောင်းထဲက ပိုက်ခေါင်းထဲကိုခေါင်းလျှိုဝင်လိုက်တော့ ကိုယ့်မျက်နှာကိုဘယ်သူမှမမြင်ရတော့်အောင်လုံခြုံသွားတယ်၊ ကိုယ်ကလည်းဘယ်သူ့ကိုမှမမြင်ရတော့ အတော့ကိုလုံခြုံသွားတယ်။ အဓိကရှက်တာက မျက်စေ့ကကိုး၊ မျက်စေ့လုံတာနဲ့ ကိစ္စပြီးလိုက်ရတယ်။

ဆရာလည်း ကြုံဖူးတာပဲကိုး... အေးဗျာ အတော် ခံရခက်တဲ့ အနေအထား.... နောက်ပိုင်း ခရီးသွားရင် အစားအသောက် ဆင်ခြင်တော့တာ... ကြောက်လွန်းလို့ ။

အကို့ စာတွေထဲမှာ power တခုခုအမြဲ ပါတယ်။ ဖတ်ရမှတ်ရတာ အလွန်ပဲကောင်းတယ်။ သုတ လည်း သုတ အလျောက်၊ ရသ ဆိုလည်း ရသ အလျောက်။ ခုလည်းကြည့် ... အကြီးမားဆုံး ဒုက္ခကြီးကို ဟာသ စွတ်ပြီး ရေးနိုင်တာ နည်းတာကြလို့။ ဒုက္ခကို ဆေးဆိုးပြီး ရယ်ပြနိုင်တယ်ပေါ့ ဗျာ။ အကြိုက်ဆုံး နေရာက ဟိုဂျပန်မလေး ကီမိုနိုဝတ် လမ်းလျှောက် မြင်ကွင်းပဲ။ ကိုဟင်ရဲ့ ကျားကျားရားရား ခန္ဓာကိုယ်ကြီးနဲ့ အဲ့လို လျှောက်နေမယ်ပုံကို မြင်ယောင်ပြီး ရယ်လိုက်ရသေးတယ် ဗျာ။

ကိုဒွန်လည်း လျှောက်ကြည့်လေ... ပေါင် နှစ်ချောင်းကို အတတ်နိုင်ဆုံး ပူးထားပြီး လမ်းလျှောက်ကြည့်။ ဖင်လေး လိမ်ကျစ်လိမ်ကျစ်နဲ့ .... ဟားဟားဟားဟား....

Model boy မ ဖြစ်ပဲ Model Gay တွေ ဖြစ်ကုန်မယ်
😂

မန်းလေး ဗန်းမော်ကားတွေ အခု အရင်လို မဟုတ်တော့ပါဘူး ကိုဟင်ရေ အတော်အတန်ကောင်းနေပါပြီ VIPကားတွေလည်း ရန်ကုန်ကားကို မမီပေမဲ့ သက်တောင့်သက်သာရှိပါတယ်။ တစ်ခေါက်လောက်တော့ အလည်လာခဲ့ပါအုံး ဖိတ်ခေါ်ပါတယ်။

ဟုတ်ကဲ့ လာခဲ့ပါမယ် မစုလှိုင်ရေ... ကျွန်တော့ အမျိုးတွေ ရှမ်းဝိုင်း မှာ အများကြီးရယ်....

ကျမလည်း အရင်က ရှမ်းဝိုင်းလမ်းကြားမှာ နေတယ် နောက်မှ ၃မိုင်ဘက် ပြောင်းသွားတာ

တစ်ကယ် ဗန်းမော်လာမှာလားဟင် အာ့ဆိုနီးနီးလေးရယ်

ကိုသက်က ဖုန်းပျောက်သွားတယ်လို့ ကြားတယ် ကိုဟင်လာမှ တိုက်တိုက်ဆိုင်ဆိုင်တွေ ဖြစ်နေတာလားဗျ

ဖုန်းပျောက်သွားတယ်လေ ကို စော... နောက် ဆောင်းပါးမှာ ဖေါ်ပြပေးပါ့မယ်

ဟုတ်ကဲ့ အစ်ကိုဟင်

ဒီလိုကိစ္စတွေက လူတော်တော်များများ
ခံစားဘူးကြမှာပါ ကျွန်တော်အခု
အကိုဟင်ရဲ့ ပိုစ်မှာ အားလုံးကိုပညာတစ်ခု
ပေးခဲ့ပရစေဗျာ
အကိုဟင် နောက်တစ်ခါ အခုလိုမျိုးကိစ္စပေါ်
ပေါက်လာရင် ဒီလိုလုပ်ကြည့်ပါနော်

  1. ကိုယ့်ရဲ့ အသက်ရူတဲ့ အသံကို
    ကိုယ်ကြားနိုင်အောင်လုပ်ကြည်ပါ။

  2. ကိုယ့်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို
    စိတ်ထဲမှာ အထက်ထက်အခါအခါ
    ဆိုကြည့်ပါ။
    ကျွန်တော်က ခရီးထွက်ရတာ များလို့
    ကျွန်တော်ကိုယ်တိုင် လက်တွေ့လုပ်ကြည်
    ပြီး အဆင်ပြေလို့  အခုကိုဟင်ရဲ့ ပိုစ်မှာ
    အများသိအောင်ရေးပြခွင့်ရလိုအကိုဟင်ကို
    ကျွန်တော် ကျေးဇူးတင်ပါတယ် အကို ဟင်
    Zawzawhtwe

ငရုတ်သီးစာတာများထားရင်တော့ သီချင်းဆိုမကလို့ ဘေးမှာ ဆောင်းဘောက်နဲ့ ဖွင့်ထားလည်း ရနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့် အခုလို ပြောပြတဲ့ အတွက်ကျေးဇူးပါ။ နောက်တခါ စမ်းကြည့်ရတာပါ့။

ဟုတ်ကဲ့အကိုဟင်
စမ်းကြည့်ပါ
ထူးခြားတာ တွေ့ ရပါလိမ့်မည်

ကိုဟင်ရဲ့ ခြုံတိုးပြီး သောင်ခုံပေါ်သွားခဲ့ရတဲ့ အရသာ ပြောပြတော့
ကျွန်တော့ အတွေ့အကြုံလေး သွားသတိရမိပါတယ်။
ကျွန်တော်လည်း အစိုးရဝန်ထမ်းဘဝ သောင်ရင်းမြစ်တစ်လျှောက်
စစ်ကြောင်းနှင့်အတူ ခရီးသွားဖြစ်တုန်းကတော့ ဗိုက်က
မအီမသာ ဖြစ်လာတာနဲ့ အကြီးသွားဖို့ ကြံရပါတယ်။
စစ်ဖြစ်နေစဉ်ဆိုတော့ လမ်းမှာ ခြုံလည်း မတိုးရဲတော့
စစ်သားတွေ မိုင်းရှင်းပေးထားတဲ့ လူမြင်ကွင်းမှာပဲ ပုဆိုးခြုံပြီး
သွားခဲ့ရတယ်ဗျ။ ရှက်သွေးဖြာတဲ့ မျက်နှာလေးငုံ့လို့သာပေါဗျာ😁
လွမ်းမောဖွယ်ကောင်းသော မန္တလေးညကတော့ဖြင့် အပိုင်း
ဘယ်လောက်မှ ရောက်မယ် မသိဘူးနော်။

အဲဒီဒုက္ခက တကယ်ကို မသေးပါဘူး။ အဲဒီလို ကိစ္စမျိုးတွေ စင်္ကပူမှာလည်း ကြုံခဲ့ဖူးတယ်။ နောက်ပိုင်း ကြုံလို့ရှိရင် "ကျွန်တောပြောသော စင်္ကပူ " အခန်းဆက်မှာ ဖေါ်ပြပေးပါ့မယ်။ လောလောဆယ်တော့ မန္တလေး ရောက်နေပါပြီ။ သိပ်မလိုတော့ပါဘူး။

တော်သေးတယ် ကားပေါ်ထွက်မကျလို့ ထွက်ကျရင်တော့ အကိုဟင် ဂွမ်းပြီ😁😁😁😁😁

အခုမှသာ ဟာသအနေနဲ့ ပြန်ရေးနိုင်တာပါ အထွေးရာ.... အဲဒီတုန်းကများ ဒုက္ခရောက်ချက်.... ကားပေါ်က ခုန်ဆင်းမလို့ စိတ်ကူးနေတာ... သေမှာကြောက်လို့

ရေးထားတာက ရယ်နေရပါတယ် ဦးပေါ်ဦးနဲ့ ဘိုးတော်ဘုရားအမေးအဖြေအထဲကလိုဖြစ်နေပြီ လောကမှာ အပေါ့ဆုံးအရာက ဘာလဲဆိုတော့လေ

အပေါ့ဆုံး အရာကတော့..... ခံစားဖူးသူတိုင်းသာ သိကြောင်းပါ ဘုရာ့။